
ဂျက်ဆီကာဟာငယ်ငယ်ရွယ်ရွယ်နဲ့မိခင်တစ်ယောက်ဖြစ်ခဲ့သလို မူးယစ်ဆေးနွံပါနစ်ခဲ့ဖူးပေမယ့်အခုချိန်မှာတော့သူ့ရဲ့လူမမယ်ကလေးငယ်နှစ်ဦးနဲ့အတူဘဝကိုပြန်လည်တည်ဆောက်ဖို့ကြိုးစားနေပါတယ်။ ရေကြည်ရာတစ်ခုရှာပြီးအလုပ်သွားလုပ်တော့မယ့်၊ အတိတ်ဟောင်းကနေရုန်းထွက်ဖို့ကြိုးစားတော့မယ့်အချိန်မှာပဲ တစ်ချိန်ကသူ့ရည်းစားဟောင်းကလေးတွေရဲ့အဖေဆေးသမား ရော့ဘ် နဲ့ သူ့ဘော်ဒါတစ်ယောက်ရောက်လာခဲ့ပြီးပြဿနာတွေရှာ စကားများရာကနေ ဂျက်ဆီကာ့ကိုမီးဖိုခန်းထဲမှာထည့်ပိတ်ထားခဲ့ပြီးပြန်ထွက်သွားပါတော့တယ်။ ပြဿနာက အဲ့ဒီမှာစတာပါ၊ ဘယ်သူမှမရှိတဲ့အချိန်ပြန်ရောက်လာတဲ့သူကတော့ကလေးသူငယ်တွေအပေါ်လိင်စော်ကားမှုရာဇဝင်ရှိခဲ့တဲ့ ဆမ်မီဆိုတဲ့ဆေးသမားပါ။
ဂျက်ဆီကာ အထဲမှာပိတ်မိနေချိန် ဒီလိုလူယုတ်မာတစ်ယောက်နဲ့ အပြင်မှာကူကယ်ရာမဲ့နေတဲ့ကလေးငယ်နှစ်ယောက်ကို ဘယ်လိုကယ်တင်မလဲ? ကလေးတွေရဲ့ဖခင်ဆေးသမားကရော ကူညီမယ့်သူလားကြံရာပါပဲလား? အဘက်ဘက်ထွက်ပေါက်မဲ့နေရတဲ့အခြေအနေကနေဂျက်ဆီကာဘယ်လိုလွတ်အောင်ရုန်းမလဲ?
Shut In က အခုနောက်ပိုင်းထွက်တဲ့ Home Invasion Thriller တွေထဲမှာတော်တော်ကြီးကိုကောင်းတဲ့၊ ပြည့်စုံတဲ့ဇာတ်ကားပါ၊ အဓိကဇာတ်ဆောင်ဟာကိုယ်ခံပညာအခြေခံဘာညာတွေကိုကျွမ်းကျင်တဲ့သူမျိုးလဲမဟုတ်ပဲ၊ သားသမီးဇောသက်သက်နဲ့ ဒီအကျဉ်းအကျပ်ထဲကလွတ်အောင်ရုန်းကန်လှုပ်ရှားရတာ၊ ပြီးတော့ ပံ့ပိုးပေးလာတဲ့အခြေအနေတွေကိုတစ်စချင်းထည့်ပြသွားတာတွေလဲအတော်စေ့စပ်ပြီးလှပါတယ်။ မဖြစ်မနေချီးကျူးရမှာကတော့ အဓိကဇာတ်ဆောင် Rainey Qualley ဖြစ်ပြီး သူ့ရဲ့အားကောင်းလှတဲ့ သရုပ်ဆောင်ချက်တွေက တစ်ကားလုံးကိုထိန်းသွားတာကိုတွေ့မြင်ရမှာပါ။