
ဒီတစ်ခါတော့ ရဲစုံထောက်ကားတွေကိုမှ သဘောကျသူတွေ အကြိုက်တွေ့စေမယ့် Action, Crime, Thriller အမျိုးအစား ရုပ်ရှင်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အပြင်မှာတကယ်ဖြစ်ခဲ့ဖူးတာကို ကျောရိုးယူပြီးတော့ ရုပ်ရှင်အဖြစ် ပြန်လည်ဖန်တီးရိုက်ကူးထားတာပါ။
ဇာတ်လမ်းအကျဥ်းကတော့ မာဆီလီနယ်မြေဆိုတာ ပြင်သစ်နိုင်ငံက ရာဇဝတ်မှုတွေထူပြောပြီး သေနတ်ကိုင်ထားတဲ့လူမိုက်တွေက မူးယစ်ဆေးတွေကိုပေါ်တင်ရောင်းနေတဲ့ ခရိုင်တစ်ခုပါ။ အဲဒီနေရာမှာဆိုရင် ရပ်ကွက်တစ်ခုလုံးဟာ မူးယစ်ဆေးရောင်းသူနဲ့ သုံးစွဲသူတွေချည်းဖြစ်လို့ ရဲဆိုရင်အဝင်မခံတဲ့အထိ သောင်းကျန်းနေကြတာပါ။ ဂရက်၊အန်တိုနီနဲ့ရက်စ်တို့ သူငယ်ချင်းသုံးယောက်က မူးယစ်ဆေးတွေဖမ်းရတဲ့ မြောက်ပိုင်းဌာနရဲတပ်ဖွဲ့ကပါ။ ရဲတပ်ဖွဲ့ဝင်တွေဟာ တစ်လကိုဘယ်နှစ်မှုဖမ်းရမယ်ဆိုတဲ့သတ်မှတ်ချက်ကို ပြည့်မီအောင်ဖမ်းရပါတယ်။ ဒါကြောင့် အဲဒီလိုပြည့်မီအောင် ဆေးလိပ်မှောင်ခိုလိုမျိုး ခပ်သေးသေးအမှုတွေကိုပဲဖမ်းနေရတာ စိတ်ကုန်လာတဲ့ သူတို့သုံးယောက်ဟာ မူးယစ်ရာဇာခေါင်းဆောင်ပိုင်းအထိဖော်ထုတ်ပြီး ဒီဒေသကမူးယစ်ဂိုဏ်းကို အမြစ်ကလှန်ဖို့ ကြိုးစားကြပါတော့တယ်။
ဒီလိုကြိုးစားကြရာမှာ သူတို့ဘယ်လိုနည်းလမ်းတွေသုံးဖို့လိုလာမလဲ။ ဘယ်လိုအခက်အခဲတွေကြုံရမလဲ။ ကိုယ်နဲ့တစ်လှေတည်းစီးနေတယ်လို့ ထင်နေတဲ့လူတွေက နောက်ကျောကိုဓားနဲ့ထောက်လာတဲ့အခါ ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာကို ရှုစားရမှာပါ။